Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(သတင်းဖန်တီးသူ) (2016) ခုနှစ်မှာ တဟုန်ထိုးနာမည်ကြီးလာတဲ့ သရုပ်ဆောင်မင်းသား Gong Yoo

Wed, Jan 04 2017

SEOUL၊ ဒီဇင်ဘာလ (19) ရက် (Yonhap) -- အနုပညာလောကမှာကြည့်ရင်တော့ (2016) ခုနှစ်ဟာ Gong Yoo ရဲ့ နှစ်လို့ ပြောလို့ရပါတယ်။

လက်တွေ့ဘဝမှာ ဂရုစိုက်တတ်ပြီး သီးသန့်ဆန်တယ်လို့ လူသိများကြတဲ့ အသက် (37) နှစ်အရွယ် အဆိုပါတောင်ကိုရီးယားသရုပ်ဆောင်မင်းသားဟာ တစ်နေ့တခြားလူသိများထင်ရှားလာပါတယ်။

ယခုနှစ်မတိုင်ခင်အထိတော့ Gong ဟာ စားသောက်ကုန်အင်ပါယာတစ်ခုရဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးနဲ့ ယောက်ျားလျာမိန်းကလေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကိုရိုက်ကူးထားတဲ့ (2007) ခုနှစ်ရဲ့ နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ "The 1st Shop of Coffee Prince" ဇာတ်လမ်းတွဲနဲ့ ထင်ရှားအောင်မြင်ခဲ့တာပါ။ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ သတိထားမိလောက်တဲ့ အခြား လုပ်ဆောင်မှုတစ်ခုကတော့ (2011) ခုနှစ် "The Crucible" ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကား မှာ သူဟာ ကျောင်းတစ်ကျောင်းမှာ ဆွံ့အနားမကြားကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်ညှင်းပန်းခံနေရတာကို ဖော်ထုတ်သွားမယ့် အနုပညာသင်ကျောင်းဆရာ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

ယခုနှစ်မှာတော့ Gong ရဲ့အလုပ်ရွေးချယ်မှုဟာ သူရဲ့အဆင့်အတန်းကို အဆင့်သစ်တစ်ခုထိရောက် အောင် မြှင့်တင်နိုင်ခဲ့ပါတယ်။

ယခုနှစ်အစမှာတော့ သူဟာ "A Man and a Woman" အချစ်ဇာတ်ကားမှာ ဖင်လန်နိုင်ငံရဲ့နှင်းတွေ ဖုံးနေတဲ့ တောအုပ်တွေထဲမှာ သူစိမ်းတစ်ယောက်လို ဒုက္ခရောက်နေတဲ့ ဗိသုကာပညာရှင်တစ် ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

ယင်းဇာတ်ကားဟာ စီးပွားရေးအရ မအောင်မြင်ခဲ့ပေမယ့် ဒီဇာတ်ကားမှာ နာမည်ကျော်တောင်ကိုရီး ယားသရုပ်ဆောင်မင်းသမီး Jeon Do-yeon နဲ့ တွဲဖက်သရုပ်ဆောင်ရတာဟာ တန်ဖိုးကြီးတဲ့ကိုယ်ပိုင် သရုပ်ဆောင်သင်တန်းတစ်ခုတက်နေရသလိုပါပဲလို့ Gong က နောက်ပိုင်းမှာ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ခက်ခဲတဲ့အချိန်တွေ မကြာခဏရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုတည်ဆောက်နိုင်ခဲ့ပါတယ်။ "လို့ Jeon နဲ့ သူရဲ့အချိန်တွေနဲ့ ပတ်သတ်ပြီး ပြောကြားခဲ့ပါတယ်။

သည်းထိတ်ရင်ဖို zombie ဇာတ်ကားဖြစ်တဲ့ "Train to Busan " ဇာတ်ကားမှ Gong Yoo ရဲ့ပုံ။ (Yonhap)

နွေရာသီရောက်တော့ အရာရာဟာ တစ်ပတ်ပြန်လည်လာခဲ့တယ်။

Gong ခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို တိုက်ခိုက်တွန်း လှန်ခဲ့တဲ့ ရထားစီးခရီးသည်လူတစ်စုအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ အဆိုပါသည်းထိတ်ရင်ဖို သွေးစုတ်ဖုတ်ကောင်ဇာတ်ကား "Train to Busan"ဇာတ်ကားဟာ ကြည့်ရှုသူပရိသတ်ပေါင်း (11.56) သန်း အထိရှိခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ကြည့်ရှုသူပရိသတ်ပေါင်း (10) သန်းကျော်ပါက စီးပွားရေးအရ အကြီးအကျယ်အောင်မြင်တယ်လို့ ယူဆတာကြောင့် "Train to Busan" ဇာတ်ကား ဟာ ယခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်ကားတစ်ကားဖြစ်လာခဲ့တာပါ။

ယင်းဇာတ်ကားမှာ Gong ဟာ နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ Busan မှာရှိတဲ့ မိခင်ဖြစ်သူထံကို သမီးဖြစ်သူကို ခေါ်ဆောင်သွားဖို့ ရထားနဲ့ခရီးသွားခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ မန်နေဂျာတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ယင်းသရုပ်ဆောင်မင်းသားဟာ တစ်ကိုယ် ကောင်းဆန်တဲ့ လူသားတစ်ဦးကနေ ကိုယ်ကျိုးမငဲ့တတ်တဲ့ ဖခင်တစ်ဦးအဖြစ် ဇာတ်ရုပ်အကူး အပြောင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာပါ။

ထိုဇာတ်ကားကို မေလက ကိန်းရုပ်ရှင်ပွဲတော်ရဲ့ သန်းခေါင်ယံပြသမှုကဏ္ဍမှာ ပွဲဦးထွက်ပြသခဲ့ပြီး အောက်တိုဘာလက စပိန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (49) ကြိမ်မြောက် Sitges ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံးအထူးပြုလုပ်ချက်ဆုတွေရရှိခဲ့ပါတယ်။

၎င်းရဲ့ယခုနှစ် တတိယမြောက်ဇာတ်ကားအဖြစ် Gong ဟာ "The Age of Shadows" သည်းထိတ် ရင်ဖိုဇာတ်ကားမှာ ဩဇာအာဏာနဲ့ပြည့်စုံတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်သူတစ်ဦးအနေနဲ့ ပါဝင်သရုပ် ဆောင်ခဲ့တာပါ။

(20) ရာစုနှစ်အစောပိုင်းကာလတွေကို အခြေတည်ရိုက်ကူးထားတဲ့ ယင်းဇာတ်ကားမှာ Gong ဟာ ကိုရီးယားနိုင်ငံမှာ ဂျပန်ကိုလိုနီအစိုးရကိုဖြုတ်ချဖို့ ကိုရီးယားနိုင်ငံဖွား ဂျပန်လူမျိုးရဲအရာရှိတစ်ဦးကို လိမ်လည်လှည့်ဖျားခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်သူလျှိုအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

"The Age of Shadows" ရုပ်ရှင်ဇာတ်ကားမှ Gong Yoo (ဝဲမှဒုတိယမြောက်) ရဲ့ပုံ။ (Yonhap)

ဝါရင့်သရုပ်ဆောင်မင်းသား Song Kang-ho နဲ့ ချီးကျူးစရာကောင်းတဲ့ဒါရိုက်တာ Kim Jee-woon နဲ့အတူရိုက်ကူးရတာဟာ အတွေ့အကြုံတွေအများကြီးရရှိခဲ့တယ်လို့ Gong က ပြန်လည်အမှတ်ရ ပြောကြားခဲ့ပါတယ်။

"အစပိုင်းမှာတော့  သူတို့နှစ်ယောက်ရဲ့လုပ်ဆောင်ချက်တွေ မပျက်စီးစေဖို့ စိတ်ဖိစီးမှုတွေရှိနေ တာကြောင့် ကျွန်တော်သရုပ်ဆောင်တဲ့အချိန်မှာ တက်သစ်စအချိန်သရုပ်ဆောင်ခဲ့သလိုပဲ စိတ်မသက် မသာဖြစ်ခဲ့တယ်။" လို့ အဆိုပါအင်တာဗျူးအတွင်းမှာပဲ သူက ဖြေကြားခဲ့တာပါ။

"The Age of Shadows" ရုပ်ရှင်ဇာတ်ကားဟာ ရုပ်ရှင်ချစ်ပရိသတ်ပေါင်း (7.5) သန်းကို ဆွဲဆောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ယင်းဇာတ်ကားဟာ Venice နဲ့ Toronto ရုပ်ရှင်ပွဲတော်အပါအဝင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များစွာရဲ့ ဖိတ်ကြားခြင်းခံခဲ့ရပြီး အဆီတစ်အောင်စတောင် မပါရှိတဲ့"လှုံ့ဆော်နှိုးကြားစေ တဲ့အမြတ်နိုးဆုံးပုဂ္ဂိုလ်"အဖြစ် အပတ်စဉ် U.S ဖျော်ဖြေရေးရသစုံလင်ကဏ္ဍရဲ့ ဖော်ပြခြင်းခံခဲ့ရ ပါတယ်။

ယခုနှစ်ကို သိမ်းပိုက်လွှမ်းမိုးနိုင်ရန်အတွက် Gong ဟာ "Guardian: The Lonely and Great God" ရုပ်သံဇာတ်လမ်းတွဲကို ရွေးချယ်ခဲ့တာပါ။ အဆိုပါအချစ်ဟာသဇာတ်လမ်းတွဲဟာ tvN ရုပ်သံလိုင်းမှာ စနေနေ့ကပြသတဲ့ အပိုင်း (6) ပိုင်းမြောက်မှာ ကြည့်ရှုမှုနှုန်း (12.9) ရာခိုင်နှုန်းအထိ မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး ကေဘယ်လ်ရုပ်သံလိုင်းမှာ ထူးထူးခြားခြားအောင်မြင်ခဲ့တဲ့ အစီအစဉ်တစ်ခုဖြစ်ခဲ့ တာပါ။

နာမည်ကြီးဇာတ်ညွှန်းရေးသားသူ Kim Eun-sook ရေးသားတဲ့ အဆိုပါရုပ်သံဇာတ်လမ်းတွဲဟာ နှစ်ပေါင်း (939) နှစ်ကြာ ထာဝရအသက်ရှင်သန်ခဲ့တဲ့ နတ်ဆိုးတစ်ယောက် (Gong) နဲ့ ၎င်းရင်ဝမှ ဓားကို ဆွဲနှုတ်ဖို့ ကံစီမံထားပြီးဖြစ်တဲ့ လူသားသတို့သမီးတို့တွေ့ဆုံခဲ့တဲ့ဇာတ်လမ်းကို ရိုက်ကူးပုံဖော် ထားတာပါ။

Kim အနေနဲ့ သူရဲ့ဇာတ်လမ်းတွေထဲကတစ်ခုမှာ Gong ပါဝင်သရုပ်ဆောင်ဖို့ (5) နှစ်ကြာ အချိန်ယူ ခဲ့ရတယ်လို့ ပြီးခဲ့တဲ့လက ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

"Gong က ကျွန်မကို ထပ်တလဲလဲ ငြင်းပယ်ခဲ့တာကြောင့် ကျွန်မအနေနဲ့သူ့ကို နောက်ထပ်တောင်း ဆိုဖို့ နည်းနည်းရှက်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီတစ်ခါတော့ သူဟာခပ်မြန်မြန်ပဲအကြောင်းပြန်ခဲ့တယ်။ "လို့ "Descendants of the Sun"နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲရဲ့ဇာတ်ညွှန်းရေးသားသူက ပြောကြားခဲ့ ပါတယ်။

"ကျွန်မမမျှော်လင့်ထားလောက်အောင် အံ့ဩဖို့ကောင်းတဲ့ တုံ့ပြန်မှုမျိုးသူပေးခဲ့တယ်။ Hawaii မှ သူပေးပို့တဲ့စာတိုမက်ဆေ့ခ်ျမှာ"ဒီလိုမျိုး ရှက်တဲ့ကြောက်တတ်တဲ့ နတ်ဆိုးတစ်ယောက်ဇာတ်ရုပ်ဟာ ကျွန်တော်နဲ့ သင့်တော်မယ်လို့ ခင်ဗျားထင်တယ်ဆိုရင် ကျွန်တော်သရုပ်ဆောင်ပါ့မယ်။"လို့ ရေးသား ထားတယ်လို့ သူမက ဝမ်းသာအားရ ထပ်မံပြောကြားခဲ့တာပါ။

hague@yna.co.kr
"Guardian: The Lonely and Great God" ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်းတချို့ပုံရိပ်များ။ (Yonhap)

Provided by Yonhap News.