Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အယ်လ်ဘမ်အသစ်အတွက်ပြင်ဆင်ရတာ စိတ်ရော၊ ကိုယ်ပါပင်ပန်းတယ်ဆိုတဲ့ G-Dragon

Tue, Jun 20 2017

SEOUL၊ ဇွန်လ (10) ရက် (Yonhap) -- နာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BIGBANG ရဲ့ခေါင်းဆောင် G-Dragon ဟာ လေးနှစ်ကြာပြီးတဲ့နောက် တစ်ကိုယ်တော်ဂီတသမားအဖြစ်အခွေထွက်ရှိချိန်မှာ မမျှော်လင့် ပဲ အောင်မြင်မှုရရှိခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့သား T.O.P ကတော့ မကြာသေးမီကပဲ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆို တဲ့ ကောလဟာလတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

“အခွေလုပ်နေတဲ့အချိန်အတွင်း ကိစ္စတွေအများကြီးဖြစ်သွားခဲ့တာကြောင့် အယ်လ်ဘမ်အတွက်ပြင်ဆင်ရတာ စိတ်ရော၊ ကိုယ်ပါခက်ခဲပင်ပန်းခဲ့ပါတယ်” လို့ ယင်းအဆိုတော်က ဇွန်လ (10) ရက်၊ Seoul မြို့အနောက်ပိုင်း Seoul World Cup Stadium မှာကျင်းပတဲ့ သူ့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါဖျော်ဖြေပွဲဟာ ကမ္ဘာတစ်ဝှမ်း မြို့ကြီး (19) မြို့မှာကျင်းပပြုလုပ်မယ့် သူ့ရဲ့နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်ရဲ့ပထမဆုံးပွဲလည်းဖြစ်ပါတယ်။

G-Dragon ဟာ T.O.P ရဲ့မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတဲ့ကောလဟာလကိုတော့ တိုက်ရိုက်ထုတ်ဖော်ပြောဆို ခြင်းမရှိပါဘူး။

Marijuana ရှုတယ်ဆိုတဲ့စွဲချက်တွေအပေါ် ဆိုင်းငံ့ခြင်းမရှိပဲစွဲချက်တင်ခံရပြီးနောက်တစ်နေ့ဖြစ်တဲ့ ဇွန်လ (6) ရက်နေ့မှာ benzodiazepine စိတ်ငြိမ်ဆေး အလွန်အကျွံသောက်သုံးထားတာကြောင့် T.O.P ကို ဆေးရုံတင် လိုက်ရတာ ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက Seoul မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ 21 နှစ် အရွယ် အဆိုသင်တန်းသူအမျိုးသမီးတစ်ဦးနဲ့အတူ တားမြစ်ပစ္စည်းတွေ လေးကြိမ်ရှုရှိုက်ခဲ့တယ်လို့ သံသယ ဖြစ်နေတာ ဖြစ်ပါတယ်။



G-Dragon ပုံ (Yonhap)

အဲ့ဒီလိုကောလဟာလတွေထွက်ရှိနေပေမယ့် G-Dragon ရဲ့လေးခွေမြောက်တစ်ကိုယ်တော်အယ်လ်ဘမ် “Kwon Ji Yong” ဟာ ဇွန်လ (8) ရက်နေ့ သူ့အခွေထွက်ရှိချိန်ကစပြီး နိုင်ငံပေါင်း 39 နိုင်ငံရဲ့ iTunes album charts တွေမှာ သရဖူဆောင်းနေခဲ့ပါတယ်။ အဆိုပါအခွေရဲ့ခေါင်းစီးသီချင်း “Untitled” ဟာလည်း ပြည်တွင်း မှာရှိတဲ့ အဓိကအွန်လိုင်းတေးသီချင်း chart တွေအပြင် China's QQ Music ရဲ့ chart ငါးခုမှာပါ နံပါတ်တစ် နေရာကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

စင်မြင့်ပေါ်မှာ သူ့ရဲ့နာမည်ကျော်သီချင်းသုံးပုဒ်ဖြစ်တဲ့ "Heartbreaker"၊ "Breathe" နဲ့ "A Boy" တို့ကို ဖျော်ဖြေ တင်ဆက်ပြီးတဲ့နောက် “သတင်းကောင်းလေးတွေကြားရလို့ ကျွန်တော်အရမ်းပျော်ပါတယ်” လို့ အဆိုပါ အသက် (29) နှစ်အရွယ်အဆိုတော်က ပြောကြားခဲ့ပါတယ်။

“ပရိသတ်တွေရဲ့ကျေးဇူးကြောင့် ပြဿနာတစ်စုံတစ်ရာမရှိပဲ ဒီဖျော်ဖြေပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်ကြီးကို နောက်တစ်ကြိမ်ထပ်ပြီး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။”

Kwon Ji-yong ဆိုတာဟာ G-Dragon ရဲ့နာမည်အရင်းဖြစ်ပါတယ်။ ခေါင်းစဉ်မှာဖော်ပြထားတဲ့အတိုင်းပဲ အဆိုပါအယ်လ်ဘမ်ဟာ G-Dragon ရဲ့ကိုယ်ပိုင်အကျင့်စရိုက်တွေနဲ့ အသက် (30) ထဲဝင်တော့မှာ ဖြစ်တာကြောင့် တိုးပြီးခံစားလာရတဲ့စိတ်နာကျင်မှုတွေကို အသားပေးဖော်ပြထားတဲ့စာသားတွေနဲ့အတူ သူ့ရဲ့ကိုယ်ပိုင်ဘဝပုံစံကို အတော်လေးပေါ်လွင်စေပါတယ်။

“ကိုယ်ရေးကိုယ်တာပိုင်းအရ ဒါဟာ ကျွန်တော့်ရဲ့ပင်ကိုစရိုက်သဘာဝကဘာလဲ၊ G-Dragon ဆိုတဲ့ စင်မြင့် နာမည်အောက်မှာ နှစ်ပေါင်းများစွာနေထိုင်ဖြတ်သန်းလာပြီးတဲ့နောက် Kwon Ji-yong ဆိုတာဘယ်သူလဲ ဆိုတာတွေကို ပြန်လည်စဉ်းစားဖို့အချိန်ဖြစ်နေပါပြီ။ ကျွန်တော့်ကိုယ်ကျွန်တော်မသိခဲ့တဲ့အရာတွေ၊ ကျွန်တော် မေ့နေခဲ့တဲ့အရာတွေကို သိမြင်လာခဲ့ရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အချိန်ပါပဲ။”

Seoul မှာဖျော်ဖြေကျင်းပပြီးတဲ့နောက် G-Dragon ဟာ "Act III, M.O.T.T.E" လို့ခေါင်းစဉ်ပေးထားတဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကို အာရှမြို့ကြီးသုံးမြို့၊ မြောက်အမေရိကမြို့ကြီးရှစ်မြို့၊ သမုဒ္ဒရာကျွန်းပေါ်က မြို့လေးမြို့နဲ့ ဂျပန်နိုင်ငံမြို့သုံးမြို့တို့မှာ ဖျော်ဖြေတင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

sshim@yna.co.kr

Provided by Yonhap News.