Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(18) နှစ်အတွင်း ပထမဆုံး full-length အယ်လ်ဘမ်ထွက်ရှိလာတော့မယ့် Sechskies

Tue, Sep 12 2017

SEOUL၊ စက်တင်ဘာလ (4) ရက် (Yonhap) – ပြီးခဲ့တဲ့နှစ်တုန်းက အောင်အောင်မြင်မြင်နဲ့ပြန်လည် ပေါင်းစည်းနိုင်ခဲ့တဲ့ (90) ခုနှစ်ရဲ့အထင်ကရ K-pop အဖွဲ့ Sechskies ဟာ ယခုလအတွင်းမှာ ၎င်းတို့ရဲ့ ငါးခွေမြောက် full-length အယ်လ်ဘမ်ကို ထုတ်လုပ်ဖြန့်ချိတော့မှာဖြစ်ကြောင်း ၎င်းတို့အေဂျင်စီရဲ့အဆိုအရ စက်တင်ဘာလ (4) ရက်နေ့မှာသိရှိရပါတယ်။

တခြားအသေးစိတ်အချက်အလက်တွေကိုထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အဆိုပါအယ်လ်ဘမ်ကို စက်တင်ဘာလ (21) ရက်နေ့မှာ ထုတ်လုပ်ဖြန့်ချိမှာဖြစ်ပြီး သီချင်းအသစ်တွေသာ ပါဝင်မှာဖြစ်ကြောင်း YG Entertainment ကပြောကြားခဲ့ပါတယ်။ အဆိုပါအယ်လ်ဘမ်ဟာ (1999) ခုနှစ်မှာထွက်ရှိခဲ့တဲ့ ၎င်းတို့ရဲ့ စတုတ္ထမြောက်ပုံမှန်အယ်လ်ဘမ် “Com Back” နောက်ပိုင်း (18) နှစ်အတွင်း အဖွဲ့ရဲ့ပထမဆုံး full-length အယ်လ်ဘမ်အသစ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

(1997) ခုနှစ်မှာပွဲဦးထွက်ခဲ့တဲ့ Sechskies ဟာ ၎င်းတို့အဖွဲ့ပြိုကွဲသွားခဲ့တဲ့ (2000) ခုနှစ်အထိ K-pop ပထမမျိုးဆက် ထိပ်တန်းအဖွဲ့တွေထဲကတစ်ဖွဲ့အဖြစ် အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဇွန်လတုန်းက အဆိုပါအဖွဲ့ဟာ YG Entertainment လက်အောက်မှာ "Three Words" လို့အမည်ပေးထားတဲ့ ဒစ်ဂျစ်တယ် single အယ်လ်ဘမ်ထွက်ရှိပြီး အံ့အားသင့်ဖွယ် တကျော့ပြန် ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။

အဆိုပါအဖွဲ့ဟာ ပြီးခဲ့နှစ်ဒီဇင်ဘာလတုန်းက ယခင်အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းဟောင်း (10) ပုဒ်ကို ပြန်လည်ထည့်သွင်းထားတဲ့အယ်လ်ဘမ် "2016 Re-ALBUM" ထွက်ရှိခဲ့ပြီး ယခုနှစ်အစောပိုင်းမှာတော့ "Be Well" နဲ့ "Sad Song" သီချင်းသစ်နှစ်ပုဒ်အပြင် ယခင်လူကြိုက်များကျော်ကြားခဲ့တဲ့သီချင်းဟောင်း (9) ပုဒ်ရဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ပုံစံတွေပါရှိတဲ့ "The 20th Anniversary" ဆိုတဲ့အယ်လ်ဘမ်ကို ထုတ်လုပ်ဖြန့်ချိ ခဲ့ပါတယ်။

အဖွဲ့ဝင်ငါးဦးပါဝင်တဲ့အဆိုပါအဖွဲ့ဟာ ၎င်းတို့ရဲ့အနှစ် (20) ပြည့်အထိမ်းအမှတ်အတွက် ဒီနှစ်အတွင်းမှာ ပရိသတ်နဲ့သက်ဆိုင်တဲ့ပွဲအခမ်းအနားတွေအများအပြား ကျင်းပပြုလုပ်ခဲ့ပြီး စက်တင်ဘာလ (23) ရက်နေ့မှာတော့ Seoul မြို့အနောက်ပိုင်းမှာရှိတဲ့ Gocheok Skydome မှာ ဖျော်ဖြေပွဲတစ်ပွဲကျင်းပပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

odissy@yna.co.kr



YG Entertainment ကနေထုတ်ပြန်တဲ့ အမျိုးသားအဖွဲ့ Sechskies ပုံ (Yonhap)

Provided by Yonhap News.