contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

စနေ၊ တနင်္ဂနွေ box office ကိုလွှမ်းမိုးထားတဲ့ ကိုရီးယားဟာသ-ဒရာမာ ‘I Can Speak’

Fri, Sep 29 2017

SEOUL၊ စက်တင်ဘာလ (25) ရက် (Yonhap) – တောင်ကိုရီးယားဟာသ-ဒရာမာ “I Can Speak” ဟာ စတင်ပြသတဲ့စနေ၊ တနင်္ဂနွေမှာပဲ ပြည်တွင်း box office မှာသရဖူဆောင်းနေပြီး ရုပ်ရှင်ဝါသနာအိုးပေါင်း (480,000) ကျော်ကိုဆွဲဆောင်ထားနိုင်ခဲ့တယ်လို့ စက်တင်ဘာလ (25) ရက်နေ့မှာထုတ်ပြန်တဲ့အချက်အလက် တွေအရသိရှိရပါတယ်။

သမ္ဘာရင့်သရုပ်ဆောင်မင်းသမီးကြီး Na Moon-hee နဲ့ မင်းသား Lee Je-hoon တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုပါဇာတ်ကားဟာ စနေနေ့နဲ့တနင်္ဂနွေနေ့တွေမှာ လက်မှတ်ပေါင်း 486,313 စောင်ရောင်းချခဲ့ရပြီး အခြား ပြည်တွင်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ "Memoir of a Murderer" ရဲ့ စနေ၊ တနင်္ဂနွေနှစ်ပတ်ဆက်တိုက် သရဖူဆောင်းနေမှုကို အဆုံးသတ်စေခဲ့ကြောင်း Korean Film Council ကနေထုတ်ပြန်တဲ့ ကွန်ပြူတာနဲ့ ထိန်းချုပ်တွက်ချက်တဲ့ box office ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။

“I Can Speak” ဟာ Lee ပါဝင်သရုပ်ဆောင်ထားတဲ့ ပြည်သူ့ဝန်ဆောင်မှုဝန်ထမ်းဇာတ်ကောင်နဲ့ အသေးအဖွဲ မကျေနပ်ချက်လေးတွေကိုတိုင်ကြားပြီး ရပ်ကွက်ထဲမှာ အလုပ်သမားတွေနဲ့ ပုံမှန်အော်ကြီးဟစ်ကျယ်ငြင်းခုံ တတ်တဲ့ Na ရဲ့ အထီးကျန်ဆန်ပြီး စိတ်တိုလွယ်တဲ့ဇာတ်ကောင်တို့ကြားက ဖြစ်နိုင်ဖွယ်မရှိတဲ့ခင်မင်မှုအကြောင်း စိတ်ကြည်နူးလှုပ်ရှားဖွယ်ရာဇာတ်လမ်းလေးကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ Lee ရဲ့ဇာတ်ကောင်က အမျိုးသမီးကြီးကို အင်္ဂလိပ်စာသင်ကြားပေးမှုအဆုံးသတ်လိုက်ပြီး ကိုရီးယားကို ဂျပန်တွေနယ်ချဲ့စိုးမိုးခဲ့စဉ်က လိင်ကျွန်ဟောင်းဖြစ်ခဲ့ရတဲ့ သူမရဲ့နာကျင်ဖွယ်ရာအတိတ်ကို သိရှိလာတဲ့အခါမှာတော့ ၎င်းတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိလာခဲ့ပါတယ်။

ရုပ်ရှင်ဝါသနာအိုးပေါင်း (168,316) ကိုဆွဲဆောင်နိုင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်လူသတ်ကား "Memoir of a Murderer" က ဒုတိယနေရာမှာရပ်တည်နေပြီး ဟောလိဝုဒ်ဓါးပြတိုက်၊ လုယက်တဲ့ဇာတ်ကား “Baby Driver” ကတော့ ကြည့်ရှုသူပေါင်း (121,276) နဲ့ တတိယနေရာမှာရပ်နေတာဖြစ်ပါတယ်။

အမေရိကန်အက်ရှင်-ဟာသ “The Hitman’s Bodyguard” က ကြည့်ရှုသူပေါင်း (44,030)၊ Tom Cruise ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ဇာတ်ကားက ကြည့်ရှုသူပေါင်း (30,887) တို့နဲ့အတူ စတုတ္ထနဲ့ပဉ္စမနေရာတို့မှာ အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။

Little Big Pictures ကနေထုတ်ပြန်တဲ့ ကိုရီးယားဟာသ-ဒရာမာ “I Can Speak” မှဓာတ်ပုံတစ်ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။