Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အနာဂတ်ကို စိတ်စွမ်းအားနဲ့ပြောင်းလဲနိုင်မလားဆိုတာ မေးခွန်းထုတ်လိုက်တဲ့ Suzy နဲ့ Lee Jong-suk တို့ရဲ့ TV စီးရီးအသစ်

Tue, Oct 03 2017

SEOUL၊ စက်တင်ဘာလ (22) ရက် (Yonhap) – အနာဂတ်ကိုမြင်နိုင်တဲ့အစွမ်းရှိဖို့ စိတ်ကူးယဉ်ဖူးပါသလား။ ဒီလိုစွမ်းရည်ဟာ ကံဆိုးတဲ့ဖြစ်ရပ်တစ်ခုကိုဖြစ်မလာအောင်ရပ်တန့်နိုင်တဲ့ ထူးခြားဆန်းကြယ်တဲ့ပါဝါနဲ့ပေါင်းစပ် လိုက်မယ်ဆိုရင်တော့ ကုသိုလ်ထူးတာပါပဲ။

SBS ရဲ့စီးရီးအသစ် “Whiel You Were Sleeping” ထဲမှာ Bae Suzy ပါဝင်သရုပ်ဆောင်ထားတဲ့ Nam Hong-ju ဟာ သူမရဲ့အိမ်မက်တွေထဲမြင်မက်တဲ့ဆိုးရွားတဲ့အရာတွေ တကယ်ဖြစ်မလာအောင် မတားဆီးနိုင် တာကြောင့် ကူကယ်ရာမဲ့ပြီး အပြစ်ရှိသလိုခံစားနေရတဲ့ ကာလရှည်အခြေအနေထဲမှာ ပိတ်မိနေသူတစ်ယောက် ဖြစ်ပါတယ်။

Seoul မြို့မှာရှိတဲ့ SBS ရုံးချုပ်မှာ စက်တင်ဘာလ (22) ရက်နေ့တုန်းကကျင်းပပြုလုပ်တဲ့ မီဒီယာမိတ်ဆက်ပွဲမှာ အမျိုးသမီးအဆိုတော်အဖွဲ့ missA ရဲ့ Suzy လို့လူသိများတဲ့ မင်းသမီးဟာ သူမရဲ့ဇာတ်ကောင်က စွမ်းဆောင်ရည်မရှိတာကြောင့် အတော်လေးစိတ်ဓာတ်ပျက်ပြားနေပြီး ဘဝကြီးကိုအရှုံးပေးနေတတ်တဲ့ပုံစံ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

(2017) ခုနှစ်၊ စက်တင်ဘာလ (22) ရက်နေ့က Seoul မြို့မှာရှိတဲ့ ကွန်ယက်ရဲ့ရုံးချုပ်မှာ SBS TV ရဲ့ ထုတ်လွှင့်ပြသတော့မယ့်စီးရီး “While You Were Sleeping” အတွက် မီဒီယာမိတ်ဆက်ပွဲအခမ်းအနားမတိုင်မီ ဓာတ်ပုံအရိုက်ခံဖို့ ကိုယ်ဟန်ပြနေကြတဲ့ Bae Suzy (ဝဲ) နဲ့ Lee Jong-suk (Yonhap)

“ကျွန်မတို့ကြိုးစားခဲ့ရင် ကျွန်မတို့ရဲ့ဘဝလမ်းကြောင်းတွေကို ပြောင်လဲနိုင်မလားဆိုပြီး မေးခွန်းထုတ်ကြတာပါ၊ တကယ်လို့ပြောင်းလဲနိုင်မယ်ဆိုရင်ရော အကျိုးဆက်တွေက ဘာတွေဖြစ်ပါမလဲ” လို့ သူမကပြောကြားခဲ့တာ ဖြစ်ပါတယ်။

“Doctors” နဲ့ “My Love from the Star” တို့ကိုထုတ်လုပ်ခဲ့တဲ့ ဒါရိုက်တာ Oh Chung-hwan က အဆိုပါ ဒရာမာဟာ ဘဝမှာဆုံးဖြတ်ချက်တွေအစဉ်တစိုက်ချမှတ်ခြင်းနဲ့ဆိုင်တဲ့မေးခွန်းတစ်ခုကို ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“အတိုချုံးပြောရရင်တော့ ဒါဟာ မြင်းအခိုးခံရပြီးတဲ့နောက် မြင်းခြံတံခါးကိုသော့ခတ်လိုက်တဲ့အကြောင်း ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ စဉ်ဆက်မပြတ်ချမှတ်ရပြီးတော့ ထွက်ပေါ်လာတဲ့ရလဒ်တွေကို လက်ခံရပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ မတူညီတဲ့ဆုံးဖြတ်ချက်ကနေ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲ ဆိုတာ ကျွန်တော်တို့သိချင်ကြတယ်လေ” လို့ အဆိုပါဒါရိုက်တာကပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ (27) ရက်နေ့ ည (10) နာရီမှာပွဲဦးထွက်ပြသမယ့် အဆိုပါဒရာမာကို အပြည့်အဝထုတ်လုပ်ပြီး ဖြစ်ပါတယ်။ အဆိုပါအပိုင်း (32) ပိုင်းပါစီးရီးကို အဓိကဇာတ်ကောင်တစ်ယောက်အနေနဲ့ Lee ပါဝင် သရုပ်ဆောင်ဖူးတဲ့ "Pinocchio" နဲ့ "I Hear Your Voice" ကိုရေးသားဖန်တီးထားတဲ့ Park Hae-ryeon ကပဲရေးသားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ဇာတ်လမ်းတွေအပေါ်အပြည့်အဝယုံကြည်မှုရှိပြီး နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကြောင့် Park နဲ့အလုပ်လုပ်ဖို့ရွေးချယ်ခဲ့တာဖြစ်ကြောင်း Lee က ပြောကြားခဲ့ပါတယ်။

“ဒါဟာ ကျွန်တော် ဒီစာရေးဆရာနဲ့သုံးကြိမ်မြောက်အလုပ်တွဲလုပ်တာပါ။ ဒီဒရာမာထဲမှာ ကျွန်တော်တို့ ဆုံဖြတ်ချက်တွေအကြောင်း မကြာခဏပြောဖြစ်ကြပါတယ်။ သူမနဲ့အလုပ်တွဲလုပ်ရတာဟာ အခုအချိန်အထိ ကျွန်တော်ချမှတ်ခဲ့သမျှ အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပါပဲ” လို့အဆိုပါ မင်းသားက ပြောကြားခဲ့ပါတယ်။

(2011) ခုနှစ်တုန်းက Park ရဲ့ “Dream High” နဲ့အတူ မင်းသမီးတစ်ယောက်အနေနဲ့ ပွဲဦးထွက်နိုင်ခဲ့တာကြောင့် Bae ကလည်း အဆိုပါစာရေးဆရာအပေါ်ထားရှိတဲ့ သူမရဲ့နက်နဲတဲ့ယုံကြည်မှုကို ပြသခဲ့ပါတယ်။

“ဒီစာရေးဆရာနဲ့နောက်တစ်ကြိမ်အလုပ်တွဲလုပ်ဖို့က ကျွန်မရဲ့အတောင့်တဆုံးဆန္ဒဖြစ်ပြီး ဇာတ်ညွှန်းကလည်း ရိုးရိုးရှင်းရှင်းနဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်” လို့လည်း သူမကထပ်လောင်းပြောကြားခဲ့ပါတယ်။

SBS ကနေထုတ်ပြန်တဲ့ “While You Were Sleeping” ရဲ့ပိုစတာ (Yonhap)

အနာဂတ်ကိုကြိုမြင်ရတာက စိတ်ကူးယဉ်ဆန်တဲ့ကိစ္စဖြစ်ပေမယ့် အဆိုပါစီးရီးဟာ ကြည့်ရှုသူတွေနဲ့ဆက်စပ်မှု ရှိမယ့် သဘောကျစရာ၊ လက်တွေ့ဆန်ဆန်ဇာတ်လမ်းမျိုးကို အောင်အောင်မြင်မြင်နဲ့ ပြသပေးစွမ်းနိုင်မှာပါလို့ Lee ကပြောကြားခဲ့ပါတယ်။

သာမာန်အတိုင်းရှိနေရှိတာကို အရမ်းပျော်ရွှင်ပြီး သဘာဝလွန်စွမ်းအားတစ်ခုခု ဘယ်တော့မှရှိမလာချင်ဘူး လို့လည်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော့အနာဂတ်ကိုကြိုမြင်နိုင်မယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှုအပြည့်နဲ့ နောက်ထပ်သာမာန်နေ့ တစ်နေ့ကိုဖြတ်သန်းနေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်မြင်ချင်ပါတယ်။ တခြားသူတွေနဲ့မတူပဲ အရမ်းကွဲပြား နေရမှာ တော်တော်ဝမ်းနည်းစရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ အဆိုပါမင်းသားက ပြောကြားခဲ့ပါသေးတယ်။

Suzy ကလည်း “ကျွန်မ ဘယ်လောက်ကြာကြာအသက်ရှင်နေရမလဲဆိုတာ သိချင်မိပါတယ်။ ကျွန်မရဲ့ဘဝမှာ ရက်နည်းနည်းပဲ ကျန်တော့တယ်ဆိုရင်ရော။ ဒါဆိုရင်တော့ ဒီနေ့ကို ပိုပြီးကောင်းကောင်းမွန်မွန်နေထိုင် ကုန်ဆုံးရမှာပေါ့” လို ပျော်ပျော်ရွှင်ရွှင်နဲ့ပြောကြားခဲ့ပါတယ်။

Jung နဲ့ရှုပ်ထွေးတဲ့ဆက်နွယ်မှုရှိတဲ့ တခြားအစိုးရရှေ့နေတစ်ယောက်ဖြစ်တဲ့ Lee Yoo-beom အဖြစ်ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား Lee Sang-yeop ကလည်း ရယ်မောဖွယ်ရာတုန့်ပြန်မှုတစ်ခုနဲ့ ဖြေကြားသွားခဲ့ ပါသေးတယ်။

“ကျွန်တော်လက်ထပ်ရမယ့်သူကို သိချင်မိပါတယ်။ ကျွန်တော်သိနိုင်ခဲ့မယ်ဆိုရင် သူမကိုတွေ့အောင်ရှာပြီး ကောင်းကောင်းဆက်ဆံမိမှာပါ။”

jaeyeon.woo@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။