Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

တဖြည်းဖြည်းကြီးထွားလာတဲ့ ခံစားချက်တွေ၊ အချစ်သီချင်းတွေနဲ့ ပြန်ဦးလှည့်လာမယ့် Bolbbalgan4

Thu, Oct 05 2017

SEOUL၊ စက်တင်ဘာလ (28) ရက် (Yonhap) – အင်ဒီပေါ့ပ် နှစ်ယောက်တွဲအဖွဲ့ Bolbbalgan4 ကနေ အချစ်နဲ့ ခံစားချက်တွေအကြောင်း ရေးစပ်ထားတဲ့သီချင်းတွေပါဝင်တဲ့ EP အယ်လ်ဘမ်အသစ်ကို စက်တင်ဘာလ (5) ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။

“Red Diary Page.1” လို့အမည်ရတဲ့အယ်လ်ဘမ်ရဲ့ အဓိကသီချင်းကတော့ သူငယ်ချင်းအဆင့်နဲ့ ချစ်သူအဆင့် ကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုရည်ညွှန်းထားတဲ့ ကိုရီးယားလူငယ်တွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ ဝေါဟာရအသစ် “Some” ပဲဖြစ်ပါတယ်။

“ချိန်းတွေ့တာမျိုးတော့ တစ်ခါမှမရှိဖူးပါဘူး။ ဒီသီချင်းရေးရတာလဲ ကျွန်မတို့နှစ်ယောက်စလုံးက ‘some’ ဆက်ဆံရေးမျိုးရှိချင်လို့ဖြစ်ပါတယ်၊” လို့ Seoul မြို့တောင်ပိုင်းမှာရှိတဲ့ KT&G Sangsang Madang မှာ ကျင်းပခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ အဖွဲ့ဝင် Woo Ji-yoon က ပြောကြားခဲ့ပါတယ်။

(2017) ခုနှစ်၊ စက်တင်ဘာလ (28) ရက်နေ့က Seoul မြို့တောင်ပိုင်းမှာရှိတဲ့ KT&G Sangsang Madang မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲအတွင်း ဓာတ်ပုံအရိုက်ခံနေတဲ့ အင်ဒီပေါ့ပ်နှစ်ယောက်တွဲအဖွဲ့ Bolbbalgan4 ရဲ့ Ahn Ji-young (ဝဲ) နဲ့ Woo Ji-yoon (ယာ) တို့ပုံ (Yonhap)

ဒစ်ဂျစ်တယ်ဗားရှင်းမှာတော့ သီချင်းငါးပုဒ်ပါဝင်ပြီး၊ အယ်လ်ဘမ်အခွေထဲမှာတော့ လက်ဆောင်သီချင်းအဖြစ် “Some” ရဲ့ပြန်လည်ဖန်တီးထားတဲ့ဗားရှင်း ပါဝင်ပါတယ်။ အယ်လ်ဘမ်ရဲ့ဒုတိယမြောက်ခေါင်းစီးသီချင်းဖြစ်တဲ့ “To My Puberty” ကတော့ အဖွဲ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ပြန်ပြောင်းစဉ်းစားပြီး ရေးစပ်ထားတဲ့သီချင်း ဖြစ်ပါတယ်။

“အထက်တန်းကျောင်းသူဘဝတုန်းက ဂီတနဲ့ပတ်သက်ပြီး ကျွန်မရဲ့ပြင်းပြတဲ့ဆန္ဒကို မိဘတွေက လုံးဝတားမြစ် ပိတ်ပင်တာကို ကျွန်မပြန်သတိရတော့ ငိုမိခဲ့တယ်လေ။ အသံသွင်းနေတုန်းတောင် ကျွန်မငိုမိပါတယ်၊” လို့ ပင်တိုင်သီဆိုသူ Ahn Ji-young ကို ဆိုပါတယ်။

အသက် (22) နှစ် အရွယ် အထက်တန်းကျောင်းသူနှစ်ဦးက ပထမဆုံး full-length အယ်လ်ဘမ် “Red Planet” ကို (2016) ခုနှစ်မှာ ထုတ်ဝေပြီးနောက်မှာတော့ လူစိတ်ဝင်စားခံလာရပါတယ်။ အဖွဲ့ရဲ့ဝက်ဝက်ကွဲအောင်မြင်တဲ့ သီချင်း “Galaxy” ကတော့ ဖေဖေါ်ဝါရီလတုန်းက ကျင်းပတဲ့ (14) ကြိမ်မြောက် ကိုရီးယားသီချင်းဆုပေးပွဲမှာ အကောင်းဆုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

သူမတို့အနေနဲ့ ဖန်တီးမှုကောင်းတွေ ဖန်တီးနိုင်တယ်ဆိုတာကိုသက်သေပြဖို့ တော်တော်လေးဖိအားများခဲ့တယ် လို့ Ahn က ဝန်ခံခဲ့ပါတယ်။

“’Galaxy’ သီချင်းက လူကြိုက်အရမ်းများခဲ့တော့ ကျွန်မတို့ တော်တော်လေးဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တယ်လေ။ အစကတော့ အဲ့ဒီသီချင်းကိုပဲကိုးကားပြီး အယ်လ်ဘမ်ထုတ်ဖို့ စဉ်းစားထားပေမယ့် နောက်ဆုံးတော့လည်း ကျွန်မတို့ချပြချင်တဲ့ပုံစံနဲ့ပဲ ထုတ်ဖြစ်ခဲ့တယ်လို့” Ahn ကဆိုပါတယ်။

“ဒီတစ်ခါ ကျွန်မတို့ တခဲနက်အားပေးခံရရင်တော့ အရမ်းပျော်မိမှာပါ၊ ဒါပေမယ့်လည်း အရမ်းကြီးတော့ မမျှော်လင့်ထားပါဘူး။ မျှော်လင့်သလိုဖြစ်မလာရင်တောင်၊ ပရိသတ်အားပေးမှုတွေပိုရအောင် ကျွန်မတို့ အစွမ်းကုန်ကြိုးစားသွားမှာပါ၊” လို့ Woo က ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။

(2017) ခုနှစ်၊ စက်တင်ဘာလ (28) ရက်နေ့က Seoul မြို့တောင်ပိုင်း KT&G Sangsang Madang မှာ ကျင်းပခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲအတွင်း စင်မြင့်ပေါ်မှာဖျော်ဖြေခဲ့တဲ့ အင်ဒီပေါ့ပ်နှစ်ယောက်တွဲအဖွဲ့ Bolbbalgan4 ရဲ့ Ahn Ji-young (ဝဲ) နဲ့ Woo Ji-yoon (ယာ) (Yonhap)

odissy@yna.co.kr

Provided by Yonhap News.